သေရွာပြန် ကိုအောင်ဆန်း နှင့် ရေဖျဉ်းရောဂါအတွက် ဆေးတစ်လက်

ကိုအောင်ဆန်းဖြစ်ပွားသည့် ရောဂါဝေဒနာမှာ ရေဖျဉ်းရောဂါဖြစ်သည်။ ရေဖျဉ်းရောဂါဟူသည် ခန္ဓာကိုယ် အတွင်းရှိ အသည်းဖောက်ပြန် ပျက်စီးပြီး ပုံမှန်အလုပ် မလုပ်နိုင်သည့်အခါ ဝမ်းဗိုက်အတွင်း ရေများ စုဝေးလာပြီး ဝမ်းဗိုက် ဖောင်းလာခြင်းဖြစ်သည်။

ရေဖျဉ်းရောဂါဖြစ်ပြီဟေ့ ဆိုလျှင် ပြန်လည်ပျောက်ကင်းသူ ရှားသည်။ တဖြည်းဖြည်းနှင့် သေဆုံးရသူကများ၏။ အသည်းကို ထိခိုက်ပျက်စီးစေသည့် အကြောင်းတရားများအနက် အရက်ကို အလွန်အကျွံ စွဲမြဲစွာ သောက်သုံးခြင်းသည် အဓိကအချက်တစ်ရပ် ဖြစ်သည်။
သေလူဖြစ်နေသော ကိုအောင်ဆန်းကို ဦးကျော်ဆွေနှင့် မိသားစုတို့က မတ္တရာနယ်ဘက်က တိုင်းရင်းဆေး ဆရာ ဦးသက်ဆိုသူကို ပင့်၍ ကိုအောင်သန်းအိမ်သို့ ရောက်လာ၏။ ဦးသက်သည် နေအိမ်သို့ ရောက်ရှိပြီးနောက် ချက်ချင်းပင် ကိုအောင်ဆန်း လဲလျောင်းနေသည့် အိပ်ရာကို ဖျာချပ်အလိုက် ဆွဲယူလိုက်ပြီး ဘုရားစင်ရှေ့တည့်တည့်တွင် ထားလိုက်သည်။

ဖယောင်းတိုင် ကိုးတိုင်ကို လက်နှစ်ဆစ်ခန့်အရွယ် ဖြတ်ပြီး ကိုအောင်ဆန်း၏ နဖူး၊ ပခုံးနှစ်ဖက်၊ ရင်ဘတ်၊ ဝမ်းဗိုက်တို့တွင် ထွန်းညှိတင်ထားပြီး ဘုရားရှင်အား ကပ်လှူပူဇော်သည်။
တစ်နည်းအားဖြင့် ဘုရားရှင်အား ဆီးမီးပူဇော်ရာတွင် ကိုအောင်ဆန်း၏ ခန္ဓာကိုယ်အား ဆီမီးခွက်သဖွယ်ပြု၍ ကုသိုလ်ယူစေခြင်းဖြစ်သည်။
ဆရာသက်သည် နေအိမ်ရှေ့ ဘုရားစင်တွင် ဘုရားရှိခိုး၊ မေတ္တာပို့၊ ပရိတ်တရားတော်များ ရွတ်ဖတ်ပြီးနောက် နာရီဝက်ခန့် တရားထိုင်သည်။ တရားထိုင်ပြီးနောက် ဆရာသက်က ကိုအောင်ဆန်း၏ မိသားစုအား—
ဒီလူနာ မသေဘူး၊ ကုသလို့ အချိန်မီပါတယ်၊ သုံးရက်ကျော်ရင် ထူးခြားလာမယ်-ဟု အားပေးစကား ပြောသည်။

ထို့နောက် ဆရာသက်က ကိုအောင်ဆန်း၏ မိသားစုအား အောက်ပါဆေးပစ္စည်းများကို အရှာခိုင်းသည်။ ထိုပစ္စည်းများမှာ ရှာဖွေရလွယ်ကူသဖြင့် နေ့မကူးဘဲ ရှာဖွေပေးလိုက်ကြသည်။ ဆရာသက် ရှာခိုင်းသည့် ဆေးပစ္စည်းများမှာ—
၁။ နွားသည်းခြေ (၁)လုံး။
၂။ တစ်ပိဿာခန့် အရွယ်ရှိ ငါးကြင်းတစ်ကောင်၏ သည်းခြေ (၁)လုံး။
၃။ စပါးကြီး သည်းခြေ (တစ်မတ်သား)
၎။ ရှိန်းခို (ငါးမူးသား)
၅။ ဝရောမ ထန်းလျက် (၂၅-ကျပ်သား) (အမည်းရောင် ထန်းလျက်)
၆။ သံဒယ်အိုး (၁)လုံး။
၇။ ကြောင်ပန်းသား ထင်းအခြောက်။
၈။ ကောက်ညှင်းဆန် အမှုန့် လက်ဖက်ရည်ကြမ်းသောက် ပန်းကန် (၁)လုံးခန့်။

ဆရာသက်သည် လိုအပ်သည့် ဆေးပစ္စည်းများ ရရှိပြီးနောက် ထန်းလျက် ၂၅-ကျပ်သားကို အရည်ပျော်အောင် သံဒယ်အိုးဖြင့် ကျိုချက်သည်။ ထင်းအဖြစ် ကြောင်ပန်းသား ထင်းအခြောက်ကို သုံးပြီး ယောက်မအဖြစ်လည်း ကြောင်ပန်းသားကိုပင် အသုံးပြုသည်။
ထန်းလျက် အရည်ပျော်ချိန်တွင် နွားသည်းခြေ၊ ငါးကြင်းသည်းခြေ၊ စပါးကြီးသည်းခြေ၊ ရှိန်းခိုတို့ကို ထည့်ပြီး မွှေသည်။ ထို့နောက် ကောက်ညှင်းဆန်အမှုန့် ထပ်ထည့်သည်။ ကောက်ညှင်းဆန်အမှုန့် ထည့်ခြင်းမှာ ဆေးလုံးလုံးရာတွင် အစေးဓာတ်ရှိပြီး လွယ်ကူရန် ဖြစ်သည်ဟု ပြောပြသည်။

ဤသို့ဖြင့် ဆေးအမည်အားလုံး သမသွားပြီး ညောင်စေး ကျလာသည့်အချိန်တွင် သံဒယ်အိုးကို မီးဖိုမှချပြီး အအေးခံထားသည်။ ထို့နောက် စားတော်ပဲစေ့ခန့် အရွယ် ဆေးလုံးများလုံး၍ နေရိပ်တွင် အခြောက်လှန်းသည်။ ထိုဆေးလုံးများကို တစ်ခါစား သုံးလုံးနှုန်းဖြင့် နံနက်၊ နေ့လယ်၊ ညနေ တစ်ရက်သုံးကြိမ် ကိုအောင်ဆန်းကို တိုက်ကျွေးသည်။
ဆေးစားပြီး ငါးရက်ခန့်အကြာတွင် ဘောလုံးကြီးတစ်လုံးပမာ ပြောင်တင်းနေသည့် ကိုအောင်ဆန်း ဝမ်းဗိုက်သည် အရေခွံများ တွန့်၍လာသည်။ ဝမ်းဗိုက်အရောင် လျော့လာသည့်သဘောပင် ဖြစ်သည်။

ဤသို့ဖြင့် ဆေးကို ပုံမှန်စားသုံးခဲ့ရာ ဆေးတစ်ဖုံအကုန်တွင် ကိုအောင်ဆန်း၏ ဝမ်းဗိုက်သည် မူလအနေအထားသို့ ပြန်လည်ရောက်ရှိသွားခဲ့သည်။ အသားအရေလည်း စိုပြည်လာပြီး လူလည်း ပုံမှန် သွားလာလှုပ်ရှားနိုင်သည့် ကျန်းမာသောဘဝသို့ ပြန်လည်ရောက်ရှိခဲ့လေသည်။
ယခု စာရေးနေသည့်အချိန်နှင့် တွက်ဆပါက ကိုအောင်ဆန်း ရေဖျဉ်းရောဂါ ပျောက်သည်မှာ သုံးနှစ်ခန့်ရှိပြီ၊ ပြန်လည်ဖြစ်ပေါ်ခြင်း မရှိတော့၊ ထိုနည်းတူ ကိုအောင်ဆန်းတစ်ယောက် အရက်ကို လှည့်၍ပင် မကြည့်တော့။ မိသားစု စားဝတ်နေရေးကို စောက်ချလုပ်ကိုင်လျက်ရှိ၏။

ကိုအောင်ဆန်းတစ်ယောက် သေပေါက်သေဝမှ ပြန်လာပြီး ယခင်ကကဲ့သို့ လူကောင်းပကတိ ဖြစ်လာသော်လည်း ရွာနီးချုပ်စပ်တွင် နာမည်က တွင်နေသေးသည်။ အဲဒါကတော့ “သေရွာပြန် အောင်ဆန်း”ပါတဲ့။

(ကမ်းနဖူးက စမ်းဦး) ကသာ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s